ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ချက်
- kay88857
- May 2
- 2 min read
Updated: May 5
မေလ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ။ သတင်းလွတ်လပ်ခွင့်သည် လွတ်လပ်ငြိမ်းချမ်းပြီး တရားမျှတမှုကို လိုလားသော လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သော အခြေခံရပိုင်ခွင့် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင်ရှိသည့် သတင်းမီဒီယာသမားတို့သည် အဆိုပါ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်းတို့ကို အလေးမထားသော အဖွဲ့အစည်း၏ ပစ်မှတ်အဖြစ် သတ်မှတ်ခံရပြီး ရန်လိုမုန်းတီးမှု၊ ဖိနှိပ်ရန်ပြုမှု တို့ကို ခေတ်အဆက်ဆက် ခံစားရလျက်ရှိပါသည်။
သတင်းစာဆရာတွေကို အကျဥ်းချရာမှာ အဆိုးဆုံး တိုင်းပြည်တွေမှာ တရုတ်၊ အစ္စရေးနဲ့ မြန်မာတို့က ထိပ်ဆုံး သုံး နိုင်ငံအဖြစ် ရပ်တည်နေကြောင်း သတင်းစာဆရာများ ကာကွယ်ရေး ကော်မတီ CPJ က စာရင်းတင်ထားပါသည်။ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကထုတ်ပြန်သည့် သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၆၉ ဖြစ်ပြီး သတင်းသမားတွေအတွက် အန္တရာယ်အများဆုံး နိုင်ငံတွေစာရင်းမှာလည်း ပါဝင်နေပါသည်။
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အတွက် ငြိမ်းချမ်းစွာ စည်းရုံးလှုံ့ဆော်မှု၊ နေအိမ်တွေ ဖျက်ဆီးခံရမှု၊ ဒါမှမဟုတ် အတင်းအဓမ္မ ပြည်နှင်ဒဏ် ခံခဲ့ရတဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ သတင်းထောက် အရေအတွက် တိုးလာလျက်ရှိပါသညသည်။ မျှော်လင့်မထားသော ဆုံးရှုံးမှုများနှင့် ကြီးမားသော စိန်ခေါ်မှုများကြားတွင် ဂျာနယ်လစ်များစွာသည် တရားမျှတမှုနှင့် ဒီမိုကရေစီအတွက် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြားတွင် ဆက်လက်တိုက်ပွဲဝင်လျက်ရှိပါသည်။ သူတို့၏ အသံများသည် ၎င်းတို့အတွက် အင်အား အပြင်းဆုံး လက်နက်များထဲမှ တစ်ခုအဖြစ် ကျန်ရှိနေသည်။
“လွတ်လပ်တဲ့ သတင်းမီဒီယာကဏ္ဍဟာ ကျွန်တော်တို့မှာ ကျန်ရှိနေသေးတဲ့ လက်နက်အနည်းငယ်ထဲက တစ်ခုပဲဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဘက်ကနေ အမှန်တရားကို အကြောင်းအမျိုးမျိုးနဲ့ ဖုံးဖိဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျွန်တော်တို့တွေအနေနဲ့ ပေါ့တ်ကာစ်တွေ၊ သတင်းစာစောင်တွေ၊ အွန်လိုင်းမှရေးသားတင်ပြမှု စတာတွေကနေတဆင့် အမှန်တရားကို ဆက်လက်ဖော်ထုတ်နေကြတာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက တရားမျှတမှုဟာ အာဏာရှင်တွေအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်လာတဲ့ အခုလို အမှောင်ခေတ်မှာ သတင်းစာပညာဟာ အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့သာ မဟုတ်တော့ဘဲ အသက်သွေးကြောတစ်ခု၊ အကာအကွယ်တစ်ခု၊ လက်နက်တစ်ခု ဖြစ်တာအပြင် တော်လှန်ရေး နည်းနာတစ်မျိုးလည်းဖြစ်ပါတယ်။
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဟာ လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်၊ မေးခွန်းထုတ်ခွင့် စတာတွေပါဝင်တဲ့ ဒီမိုကရေစီတိုက်ပွဲ ဖြစ်ကြောင်း ထပ်လောင်း သတိပေးချက်တစ်ခုဖြစ်ပါတယ်” ဟု Towards Media မှ Co-founder & Program Director ဖြစ်သူ ကိုလင်းထက်က ပြောကြားသည်။
“Press Freedom Day မှာ ပြောချင်တာကတော့ သတင်းထောက် တစ်ယောက်အနေနဲ့ ကျမကတော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့ လူ့အဖွဲ့အစည်းကို ရရှိဖို့ အမြဲတမ်းမျှော်မှန်းပါတယ်။ ကျမတို့ လူ့အဖွဲ့အစည်းမှာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရဖို့ကိုလည်း အမြဲတမ်း တိုက်ပွဲဝင်သွားမှာပါ။ ဘာလို့လဲဆိုတော့ ဒါဟာ အခြေခံအကျဆုံး လူ့အခွင့်အရေးတစ်ရပ်ဖြစ်တယ် ဒီအခွင့်အရေးမှ မရှိတော့ဘူးဆိုရင် လူတွေဟာ အာဏာရှင်တွေ၊ အုပ်ချုပ်သူတွေနဲ့ သူတို့အပေါင်းအပါတွေ ဖိနှိပ်တာကို ခံနေရဦးမှာပဲ။ ဒါပေမယ့်လည်း လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားပြီးတော့ စစ်ဖြစ်နေတဲ့ကာလမှာ သတင်းလွတ်လပ်ခွင့်က အဆိုးဝါးဆုံး အခြေအနေကို ရောက်နေတယ်ဆိုတာတော့ ဝမ်းနည်းစွာပဲ ပြောချင်ပါတယ်။” ဟု သတင်းထောက်ဖြစ်တဲ့ မ Esther မှ ပြောကြားပါသည်။
ဆက်လက်ပြီး လေးဝတီ FM ၏ အယ်ဒီတာ ဖြစ်သူ မကေဇူးက
“မြန်မာနိုင်ငံက သတင်းသမားတစ်ယောက်အနေနဲ့ သတင်းလွတ်လပ်ခွင့် မရရှိခဲ့တာ ဆယ်စုနှစ်များစွာပါပဲ။
အခုအချိန်ကတော့ အဆိုးရွားဆုံး အခိုက်အတန့်ကို ပြန်ရောက်သွားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။
စစ်ရေး ၊ နိုင်ငံရေး နဲ့ သဘာဝဘေး အန္တရာယ်ကြားထဲမှာ ရှိနေတဲ့ မြန်မာနိုင်ငံအတွက် သတင်းလွတ်လပ်ခွင့် မရှိခြင်းဟာ လူထုကို ဆိုးဆိုးရွားရွား နစ်နာစေပါတယ်။ အမှန်တော့ ကမ္ဘာအရပ်ရပ်မှာလည်း သတင်းလွတ်လပ်ခွင့်တွေ အတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။ ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာ့ကပ်ဘေးတွေ ၊ စစ်ပွဲတွေ ကြားမှာ သတင်းလွတ်လပ်ခွင့် ဟာ ပိုမိုပြီး တော့အရေးကြီးလာပါတယ်။ မြန်မာ့ အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ မိတ်ဆွေသတင်းသမားများ အမြန်လွတ်မြောက်ဖို့ ဆန္ဒပြုပါတယ်။” ဟု ပြောပါသည်။
သတင်းမီဒီယာများနှင့် သတင်းသမားများအနေဖြင့် အမှန်တရားအတွက် ဆက်လက် ရပ်တည်လုပ်ကိုင်နိုင်ဖို့အတွက် Exile Hub မှ လုံခြုံစိတ်ချရတဲ့ safe house မှာထားရှိပေးခြင်း၊ emergency fund ကူညီခြင်း၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် fellowship အစီအစဉ် နဲ့ grant opportunities မျာ ပေးအပ်ခြင်းအပြင် သူတို့ရဲ့ လိုအပ်တဲ့ သင်တန်း support/resources တွေ ကို ၂၀၂၁ ခုနှစ်တည်းက စတင်လုပ်ဆောင်လာတာမှာ လုံခြုံရေးသင်တန်းများ၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု နှင့် ပရော်ဖက်ရှင်နယ် တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များစွာ ကို ယနေ့ထက်တိုင် လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါ သင်တန်း နှင့် သတင်းတို့နှင့် ပတ်သက်သော အကြောင်းအရာများကို Exile Hub Telegram Channel တွင် ပုံမှန် ထုတ်ပြန်ကြေညာလျက်ရှိပါသည်။
Exile Hub မှ Ma Zee ကလည်း ယခုလို မှတ်ချက်ပြုပါသည်။ “မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ မှာ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ရရှိရန် ရင်းနှီးပေးဆပ်မှုပေါင်းများစွာဖြင့် တိုက်ပွဲဝင်နေကြတဲ့ ကမ္ဘာ့တစ်လွှားက သတင်းမီဒီယာများ၊ သတင်းသမားများနှင့် သတင်းရင်းမြစ်များအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုချင်ပါတယ်။ ဖိနှိပ်ခံအသံတိုင်းက အရေးပါတာမို့လို့ လူထုအကြား ပျံ့နှံဖို့ လိုအပ်တဲ့ အမှန်တရားအတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်နေတဲ့ သတင်းသမား တစ်ဦးတစ်ယောက်ချင်းစီနဲ့ နဲ့အတူ ရပ်တည်ကြောင်း ထပ်ဆောင်းပြောကြားလိုပါတယ်။”
ယခုကဲ့သို့ ဖိနှိပ်မှုများစွာ ရှိနေသည့်ကြားကပင် သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားကြသော သတင်းမီဒီယာများ၊ သတင်းသမားများ၊ လူထုသတင်းသမားများနှင့် သတင်းရင်းမြစ်များသည် အခက်အခဲ၊ အတားအဆီး၊ အန္တရာယ်ပေါင်းများစွာကြားကပင် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်လျက်ရှိကြသည်ကို မြင်တွေ့ရသည့်အတွက် Exile Hub က အထူးပင် လေးစားဂုဏ်ယူမိပါသည်။
Exile Hub အကြောင်း
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံ သတင်းထောက်များနှင့် လူ့အခွင့်အရေး ကာကွယ်သူများအတွက် လိုအပ်တဲ့ လုံခြုံမှုနဲ့ ပံ့ပိုးမှုများ ပေးစွမ်းရန် ရည်ရွယ်ပြီး Exile Hub ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ Exile Hub စတင်တည်ထောင်ချိန်မှစ၍ အလုပ်ရုံဆွေးနွေးပွဲပေါင်း ၈၀၀ ကျော်ကို ပြုလုပ်ခဲ့ပြီး လူပေါင်း ၂၁၀၀ ကျော်ကို လုံခြုံသောအိမ်များနှင့် လိုအပ်သော ဥပဒေအကြံပေးများ ကူညီပေးခြင်းတို့အပြင် လုံခြုံရေးသင်တန်းများ၊ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု နှင့် ပရော်ဖက်ရှင်နယ် တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များစွာ ကို ယနေ့ထက်တိုင် လုပ်ဆောင်လျက်ရှိပါသည်။ www.exilehub.org
Media Enquiry:
Communications Officer, Exile Hub

Comments